ဒါတွေ ရှိရင်၊ လုပ်ရင် အသည်းရောဂါ ဖြစ်နိုင်ခြေများတယ်
ချစ်သူနဲ့ အဆင်မပြေတဲ့အခါ အသည်းကျွမ်းနေပြီ၊ အသည်းကွဲနေပြီလို့ တင်စားပြီး ပြောတတ်ကြတယ်ဟုတ်။ ချစ်သူနဲ့ အဆင်မပြေရုံနဲ့တော့ အသည်းကျွမ်း၊အသည်းရောဂါဖြစ်ဖို့ မသေချာပေမယ့် အသည်းရောဂါဖြစ်ဖို့ သေချာသလောက်ဖြစ်စေမယ့် အကြောင်းတွေတော့ ရှိပါတယ်။
အဲဒီအကြောင်းတွေကိုလုပ်ရင်၊ အဲဒီအကြောင်းတွေရှိရင် အသည်းရောဂါဖြစ်ဖို့ ရာခိုင်နှုန်းတော်တော်များများ သေချာမှာပါ။
အသည်းရောဂါ ဖြစ်နိုင်တာက ဘာတွေများလဲ?
1. အရက်
နံပါတ်တစ် ထိပ်ဆုံးကတော့ အရက်ပါ။ အရက်ဟာ အသည်းရဲ့ ရန်သူပါပဲ။ ချစ်သူနဲ့ အဆင်မပြေလို့ပဲသောက်သောက်၊ စီးပွားရေး အဆင်မပြေလို့ပဲသောက်သောက်၊ ပျော်လို့ပဲသောက်သောက်၊ ကြိုက်လို့ပဲသောက်သောက် နေ့စဥ်ရက်ဆက်နဲ့ အလွန်အကျွံသောက်တဲ့သူရဲ့ အသည်းကို အရက်က သစ္စာရှိစွာ ဖျက်ဆီးပေးမှာကတော့ သေချာပါတယ်။ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာတွေရဲ့ အဓိက တရားခံက အရက်ပါ။
2. အဆိပ်အတောက်တွေ
အဆိပ်အတောက်တွေမှာ ထိတွေ့ရတာရော၊ အစားအသောက်တွေရော အကုန်ပါပါတယ်။ ကိုယ်သုံးစွဲတဲ့ဓာတုပစ္စည်းတွေမှာ ဘာတွေပါဝင်သလဲ သတိထားကြည့်ပြီး သုံးစွဲသင့်ပါတယ်။ ဥပမာ ပိုးသတ်ဆေးတွေ၊ပေါင်းသတ်ဆေးတွေ၊ အိမ်သန့်ရှင်းရေးအတွက် သုံးရတဲ့ ကြွေဂျီးချွတ်ဆေး၊ အိမ်သာဆေးရည်တွေမှာ အသည်းကို ထိခိုက်စေတဲ့ ပစ္စည်းတွေပါဝင်တတ်လို့ သုံးနေစဥ်မှာ လက်အိတ်နဲ့ကိုင်တာ၊ mask တပ်ထားတာမျိုးနဲ့ ကာကွယ်ရပါမယ်။ အခုခေတ်မှာ ဝိသမလောဘသားတွေက ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အသားငါးတွေမှာ သုံးထားတတ်တဲ့ ပိုးသတ်ဆေးတွေ၊ ယင်မနားဆေးတွေ၊ ဖော်မလင်တွေကလည်း အသည်းထိခိုက်စေတဲ့ အကြောင်းတစ်ခုပါ။
ဒါကြောင့် လတ်ဆတ်တဲ့ အော်ဂဲနစ်အစားအစာတွေကို ရွေးချယ်စားသုံးဖို့ အဆင်မပြေဘူးဆိုရင် အသားငါး၊ အသီးအရွက်တွေကို ဆားရည် သို့မဟုတ် ရှာလကာရည်နဲ့ နာရီဝက်ခန့် စိမ်ပြီးမှ စားသုံးတာက အသည်းကို တတ်နိုင်သမျှ ကာကွယ်ရာ ရောက်ပါတယ်။ မှိုတက်နေတဲ့ မြေပဲကို ကြိတ်ထားတဲ့ဆီတွေ၊ မှိုတက်နေတဲ့ ငရုတ်သီးကို ကြိတ်ထားတာတွေမှာ aflatoxin လို့ခေါ်တဲ့ အသည်းကင်ဆာကို ဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်နေတတ်လို့ မှိုတက်နေတဲ့ အစားအစာတွေကို စားသုံးရင် အသည်းကင်ဆာ ဖြစ်နိုင်ခြေများမှာပါ။
3. ဆေးဝါးတွေ
တန်ဆေးလွန်ဘေးဆိုတဲ့ စကားရှိပါတယ်။ တချို့ဆေးတွေက သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး ဖြစ်စေမှာပါ။ ပါရာစီတမော နဲ့ အက်စ်ပရင်လို အကိုက်အခဲပျောက်ဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေ (antifungal) ကို အလွယ်တကူ မကြာခဏသုံးစွဲနေရင် အသည်းက ဒဏ်ဖြစ်လာပါလိမ့်မယ်။ တိုင်းရင်းဆေးနဲ့ ဖြည့်စွက်စာတွေကလည်း အသည်းအတွက် အန္တရာယ် ရှိနိုင်ပါတယ်။ သဘာဝ natural လို့ ရေးထားတိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ တချို့ herbal medicine တွေမှာ အလွန်အကျွံသုံးစွဲရင် အသည်းနဲ့ ကျောက်ကပ်ကို ပျက်စီးစေတတ်တဲ့ဓာတ်တွေ ပါဝင်နေတတ်ပါတယ်။
4. အဝလွန်တာ၊ အဆီများတာ
"လှလို့ဝလို့ပဲ ရှိတယ်"လို့ ဘယ်လိုပဲပြောပြော ဝလာရင် အဆီတွေများလာတာ လူတိုင်းအသိပါ။ ခန္ဓာကိုယ်ပေါ်က အဆီတွေက ဖက်ထားလို့ရတယ် ဆိုပေမယ့် သွေးကြောထဲက အဆီတွေ၊ အသည်းကျောက်ကပ်၊ အူနဲ့ကလီစာတွေက အဆီတွေကတော့ နတ်ပြည်ကို ထွက်သွားရမယ့် အဆီတွေ ဖြစ်နေနိုင်ပါတယ်။ အသည်းအဆီဖုံးတာကို အချိန်မီ မကုသရင် အသည်းခြောက်၊ အသည်းကင်ဆာထိ ဖြစ်နိုင်တာမို့ ဝိတ်လျှော့ အဆီချ လှပဖို့ ကြိုးစားကြပါနော်။
5. ဆီးချိုရှိတာ
ဆီးချိုနဲ့ အဝလွန်တာဟာ တွဲနေတတ်တာ များလို့ အသည်းအဆီဖုံးနိုင်ခြေ များပါတယ်။ ဒါ့အပြင် Glucose သကြားဓာတ်ကို အသည်းထဲမှာ သိုလှောင်ပြီး ထုတ်ပေးတာဖြစ်လို့ သွေးတွင်းသကြားဓာတ် အတက်အကျမြန်တဲ့ ဆီးချိုရောဂါသမားတွေရဲ့ အသည်းဟာ ပိုပြီး အလုပ်လုပ်ရတဲ့အတွက် အသည်းရောဂါ ဖြစ်နိုင်ခြေ ပိုများတာပါ။ ဒါကြောင့် ဆီးချိုရှိရင်၊ အဝလွန်ရင် ကာဗိုဟိုက်ဒရိတ်၊ အချိုနဲ့ အဆီတွေရှောင်ပြီး လတ်ဆတ်တဲ့ အသီးအရွက်တွေ များများစားပေးဖို့ လိုအပ်ပါတယ်။
6. တက်တူးထိုးတာ၊ ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာ
တစ်ခါသုံးမဟုတ်တဲ့ အပ်တွေပစ္စည်းကိယာတွေ မျှဝေသုံးစွဲတာကနေတစ်ဆင့် အသည်းရောင် ဘီပိုး၊ စီပိုးတွေအပြင် HIV ပိုးပါ ကူးစက်နိုင်တာမို့ မနေနိုင်လို့ တက်တူးထိုးမယ်ဆိုရင် သန့်ရှင်းတဲ့တစ်ခါသုံးပစ္စည်းတွေ အသုံးပြုတာ သေချာပါစေ။
7. အသည်းရောဂါမျိုးရိုးရှိတဲ့သူတွေ
တချို့အသည်းရောဂါတွေက မျိုးရိုးလိုက်တတ်ပါတယ်။ Hemochromatosis နဲ့ Wilson's Disease လို့ခေါ်တဲ့ ရောဂါတွေ မိဘဆွေမျိုးထဲမှာရှိရင် မိမိမှာလည်း ဖြစ်နိုင်တာမို့ ရောဂါလက္ခဏာတွေ ရှိမရှိစောင့်ကြည့်တာ၊ အရက်ဖြတ်တာ၊ ကျန်းမာအောင် နေထိုင်စားသောက်တာတွေနဲ့ အသည်းကို ကာကွယ်ရပါမယ်။
အသည်းဟာ ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ အသည်းကျန်းမာမှ အသက်ရှည်နိုင်မှာမို့ အထက်မှာ ဖော်ပြထားတာတွေ ရှိနေရင်၊ လုပ်မိနေရင် အခုကစ ဆင်ခြင်လိုက်ကြရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။